မိုးရာသီမှာ အသီးအရွက်တွေကို အစိမ်းအတိုင်း စားသင့်၊ မသင့်
မိုးရာသီမှာ ရေကတဆင့် ကူးစက်တဲ့ရောဂါတွေ အဖြစ်များသလို သန့်ရှင်းမှု အားနည်းတဲ့ အစားအစာတွေကြောင့် အစာအဆိပ်သင့်တာ၊ ဝမ်းပျက်ဝမ်းလျှောတာတွေ တော်တော်လေး အဖြစ်များပါတယ်။
နောက်တစ်ခု ရှိတာက မိုးရာသီမှာ အသီးအရွက်တွေကို သေချာ မဆေးကြောမိတာ၊ ထားသိုမှု အဆင်မပြေတာကြောင့် ပိုးပေါက်ဖွားတာမျိုးတွေလည်း ရှိနေနိုင်တာကြောင့်ပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ မိုးရာသီမှာ အသီးအရွက်တွေကို အစိမ်းစားသင့်လား မစားသင့်ဘူးလား ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။
ပုံမှန်ကတော့ မိုးရာသီနဲ့ နွေရာသီတွေမှာ အစာအိမ် အူလမ်းကြောင်း ပြဿနာတွေ အဖြစ်များပါတယ်။ သောက်သုံးရေ သန့်ရှင်းမှု အားနည်းတာနဲ့ ရာသီဥတု အနေအထားတွေကြောင့်ပါ။
အထူးသဖြင့် ယင်နားစာတွေ၊ ဝမ်းနူးစာတွေနဲ့ သန့်ရှင်းမှု အားနည်းတဲ့ အစားအစာတွေက မိုးရာသီ နဲ့ နွေကာလတွေမှာ ဝမ်းပျက်ဝမ်းလျှောတာနဲ့ အမျိုးမျိုးသော အစာအိမ် အူလမ်းကြောင်း ပြဿနာတွေ အဖြစ်များပါတယ်။
မိုးရာသီမှာ အသီးအရွက်တွေက လှိုင်လှိုင်ပေါသလို သဘာဝ အရသာစစ်စစ်ကို ရရှိချိန်ပေါ့။ ဒီတော့ အသီးအရွက်တွေကို ပုံမှန်ထက် ပိုစားမိနိုင်ပါတယ်။ အစိမ်း စားတာရော၊ ကြော်ချက်ပြီး စားတာရောပေါ့။
ဒီလို စားတဲ့အခါမှာ
- အစိမ်း စားမယ်ဆိုရင်လည်း အသီးအရွက်တွေကို ဆားရည်လေးနဲ့ ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက် စိမ်ထားပြီးမှ ရေသန့်သန့်နဲ့ ပြန်ဆေးလို့ စားသုံးပေးပါ။
- ကြော်ချက်စားရတဲ့ အသီးအရွက်တွေကို ဆိုရင်လည်း သေချာလေး ကျက်အောင် ချက်ပြီး စားပေးပါ။ ဒီလို မကြော်ချက်ခင်မှာလည်း ဆားရည်နဲ့ ဆေးကြောတာ၊ ရေနွေးဗေနွးနဲ့ စိမ်ပြီး ဆေးကြောတာတွေကို သေချာလေူ လုပ်ဖို့ လိုပါမယ်။
- ချဉ်ပေါင်ရွက်၊ မုန်ညှင်း၊ မုန်လာပင်ပေါက် စတာမျိုးတွေကို ဆိုရင်တော့ ရေနဲ့ ၂ ထပ် ၃ ထပ်လောက် သဲတွေ အညစ်အကြေးတွေကို စင်အောင် ဆေးကြောပါ။ ပြီးရင်တော့ ဆားရည် ခဏလေး စိမ်ထားပြီးမှ ချက်ပြုတ်ပေးပါ။
- ကန်စွန်းရွက်တွေကိုဆိုရင်လည်း ရေ အထပ်ထပ် ဆေးပြီး ဆားရည်နဲ့ ကြာကြာလေး စိမ်ထားပြီးမှ စစ်လို့ ရေတစ်ထပ်လောက် ပြန်ဆေးပြီးမှ သေချာလေး ကြော်စား ချက်စားပါ။
- အစိမ်းတို့မယ့် သခွားသီး၊ ခရမ်းကြွပ်သီး၊ ဆလပ်ရွက်စတာတွေလိုမျိုး အတို့အမြှုပ်တွေကို ဆိုရင်လည်း ရေ ၂ ထပ်လောက်ဆေး ဆားရည်နဲ့ ၁၅ မိနစ်လောက် စိမ်ပြီးမှ ရေအသန့်နဲ့ တစ်ထပ်လောက် ဆေးလို့ စားသုံးပေးပါ။
- တကယ်ကတော့ ဖြစ်နိုင်ရင် မိုးရာသီမှာ အသီးအရွက်တွေကို အစိမ်း စားတာမျိုး မလုပ်ပါနဲ့။ မလတ်ဆတ်တာ မျိုးတွေ၊ သေချာ ချက်ပြုတ် မထားတာမျိုးတွေကို ရှောင်ပါ။
အသီးအရွက်တွေမှာ ပါဝင်နေတဲ့ ပိုးသတ်ဆေးတွေကလည်း အစာအိမ် အူလမ်းကြောင်းကို ထိခိုက်စေနိုင်တာ ကြောင့် အသီးအရွက်တွေကို အစိမ်းစားမယ်ဆိုရင်လည်း သေချာလေး ဆေးကြောပေးဖို့ လိုသလို ချက်ပြုတ် စားမယ့်အရာတွေကိုလည်း ဆားရည်နဲ့ သေသေချာချာလေး ဆေးကြောပြီးမှ သေချာ ကျက်အောင် ချက်ပြုတ်ပေးဖို့ သတိပေးချင်ပါတယ်။
မွန်မွန်